Comments

This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, May 26, 2014

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် အဝေးရောက် အစိုးရ ဖွဲ့နိုင်


    ကမ္ဘောဒီးယား နိုင်ငံ ဆီယံယိဒ် နိုင်ငံတကာ လေဆိပ်သို့ ၂၀၁၂ ခုနှစ် ဧပြီ ၁၄ ရက် က ရောက်လာသည့် ထိုင်း ၀န်ကြီးချုပ် ဟောင်း မစ္စတာ သက်ဆင် (ဓာတ်ပုံ – Reuters)


ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရယူပြီး အိမ်နီးချင်း ကမ္ဘော ဒီးယားနိုင်ငံတွင် အခြေစိုက်ကာ အဝေးရောက်အစိုးရ ဖွဲ့နိုင်ကြောင်း ပြီးခဲ့သည့် သောကြာနေ့ထုတ် အေးရှားတိုင်းမ် သတင်းတွင် ရေးသား ထားသည်။
မစ္စတာသက်ဆင်နှင့် နီးစပ်သည့် သံတမန်တဦးကို ကိုးကားပြီး ရေးသားထားသည့် အဆိုပါ သတင်းတွင် ၂၀၁၀ ခုနှစ် ဆန္ဒပြမှုများကို စစ်တပ်က ဖြိုခွင်းစဉ် အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးသွားသည့် အာဏာရှင်ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရေစီ တပ်ဦး (UDD) အဖွဲ့ခေါင်းဆောင်တချို့နှင့် သက်ဆင်တို့ ပူးပေါင်းပြီး အဝေးရောက်ထိုင်းအစိုးရ ဖွဲ့စည်းနိုင်သည်ဟု ဖော်ပြထားသည်။
သို့သော် ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခယူ ခန်ဟာရစ်သ် (Khieu Kanharith)က “အဲဒီလို အစိုးရကို ကျနော်တို့ မြေပေါ်မှာ ခွင့်ပေးမှာ မဟုတ်သလို ဖွဲ့စည်းပုံကလည်းခွင့်မပြုပါဘူး” ဟု သူ၏ Facebook လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
ယမန်နေ့ကလည်း မစ္စတာ သက်ဆင်၏ ရှေ့နေက ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းကာ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရပ်ဆိုင်း လိုက်သည့် အတွက် ဒီမိုကရေစီပြန်လည်ရှင်သန်ရေး ထိုင်းနိုင်ငံ၏ အဝေးရောက် အစိုးရ ဖွဲ့မည်ဟု ထုတ်ပြန်ထားသည်။
ထို့အတွက် အဆိုပါရှေ့နေကိုလည်း ထိုင်း စစ်အစိုးရက တရားစွဲဆိုမည်ဟု သိရသည်။
ထိုင်းစစ်တပ်က အာဏာသိမ်းခြင်းကို အမေရိကန် အပါအ၀င် နိုင်ငံတကာက ပြစ်တင်ကန့် ကွက်နေပြီး၊ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပေးရန် တိုက်တွန်းပြောဆိုနေချိန်၊ မစ္စတာသက်ဆင်သည် ၄င်းအပေါ် စာနာစိတ်များရှိနေသည့် အနောက်နိုင်ငံ များ၏ ထောက်ခံမှုဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အ ချိတ် အဆက်မိမိလုပ်နိုင်မည့် အခြေ အနေ ရှိသည်ဟု အေးရှားတိုင်းမ်က ဆိုသည်။
စစ်အာဏာသိမ်းမှုကို အာဏာသိမ်း စစ်ကောင်စီ၊ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (National Peace and Order Maintaining Council – NPOMC) ၏ အကြီးအကဲ ထိုင်းဘုရင့်တပ်မတော် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ယနေ့ နံနက်ထိုင်းစံတော်ချိန် ၁၁ နာရီကျော်က ထိုင်းဘုရင်မင်းမြတ်၏ အတည်ပြုချက်ရယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။
ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်နေ့ ညနေ ၅နာရီတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ညမထွက်ရအမိန့်ထုတ်ပြန်ကာ ထင်ရှားသည့် နိုင်ငံရေးသမား ၁၅၅ ဦးကို ထိုင်းစစ်တပ်အာဏာပိုင်များထံ လာရောက်သတင်းပို့ရန် ဆင့်ခေါ်၍ ထိန်းသိမ်းခဲ့ပြီး ရုပ်မြင်သံကြား၊ သတင်းနှင့် မီဒီယာများကိုလည်း ထိန်းချုပ်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း မစ္စယင့်လတ် အပါအ၀င် အစိုးရ ဆန့်ကျင်ရေးခေါင်းဆောင် ဆူထေ့သက်ဆူဗန်ကို ယမန်နေ့က ပြန်လွှတ်ပေး ခဲ့သော်လည်း မစ္စတာ ဆူထေ့ပ်ကိုမူ တိုင်းပြည်ပုန်ကန်မှု နှင့် တရားစွဲကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ ရေးသား ထား သည်။
အာဏာသိမ်း စစ်ကောင်စီက ထိုင်းအထက်လွှတ်တော်ကို ဖျက်သိမ်းကာ ရဲချုပ်အပါအ၀င် မစ္စတာ သက်ဆင်နှင့် နီးစပ်သည့် ထိုင်း မြောက်ပိုင်းဒေသများက ရဲမှူးကြီးများကိုလည်း ၄င်းတို့၏ လက်ရှိ နေရာ ရာထူးတာဝန်များမှ ဖယ်ရှား ပြောင်းရွှေ့မိန့်များဆက် တိုက် ထုတ်ပြန်ခဲ့သည်။
မစ္စတာ သက်ဆင်အား အဓိက ထောက်ခံသည့် ချင်းမိုင်အပါအ၀င် ထိုင်းနိုင်ငံ မြောက်ပိုင်း ဒေသများရှိ ဖုယာ့ ထိုင်းပါတီနှင့် ရှပ်နီ ခေါင်းဆောင်များကိုလည်း သတင်းပို့၊ လာရောက်တွေ့ဆုံရန် ဆင့်ခေါ်စာ ဖြင့် အမိန့်ထုတ်ပြန်ထားသည်။
ရှပ်နီအဖွဲ့ဝင်များဟု ယူဆရသော လူ ၂၀ ကျော်ကိုလည်း လက်နက်ခဲယမ်းများနှင့် အတူ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်း သတင်း ဌာန Khaosodက ရေးသားသည်။ ယင်း သတင်းဌာနသည် လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီ၏ သတင်းများကို အဓိက ထုတ်ပြန်နေသည်။
မစ္စယင့်လတ်အစိုးရ လက်ထက်က ပြည်ထဲရေး ၀န်ကြီးနှင့် နောက်ထပ် ၀န်ကြီး ၁ ဦးတို့သည် စစ်အစိုးရအား သူပုန် အစိုးရ ဟု သမုတ်ကာ အာဏာသိမ်းစစ်ကောင်စီမှ သတင်းပို့ရန် မလုပ်ဟုပြောဆိုပြီးနောက် ၄င်းတို့၏ ဘဏ်အကောင့် များအား ပိတ်သိမ်း ထားကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုကို ရှပ်နီများ၊ ရှပ်ဝါများ အပြင် လူငယ်မျိုးဆက်သစ်များ၊ အစိုးရ ၀န်ထမ်းများက ကန့်ကွက် ဆန္ဒပြမှုများလည်း ဘန်ကောက်နှင့် ချင်းမိုင် စသည့်မြို့ကြီးများတွင် ဖြစ်ပေါ်လျှက်ရှိသည်။
ထို့ကြောင့် စစ်အစိုးရမှ ဘန်ကောက်အပါအ၀င် ထိုင်းနိုင်ငံတ၀န်းဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှု ကန့်ကွက်သည့် ဆန္ဒပြပွဲများကို မလုပ်ဆောင်ရန်သတိပေးထားပြီး၊ လုပ်ဆောင်ခဲ့ပါက ပြင်းထန်စွာအရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

ဧရာဝတီ

Sunday, May 25, 2014

ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ



ထိုင်းစစ်ဦးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာသည် မူလက စက်တင်ဘာလတွင် တာဝန်မှ သက်ပြည့်ပင်စင်ဖြင့် အနားယူရန် ရှိသည်။ 

သို့သော် မျှော်လင့်မထားသော ကြာသာပတေးနေ့က အာဏာသိမ်းမှု အပြီးတွင် စစ်ခေါင်းဆောင်ဖြစ်သူ ချန်အိုချာသည် တိုင်းပြည်၏ အစိုးရအဖွဲ့ အကြီးအကဲ နေရာသို့ အလိုလို ရောက်ရှိသွားသည်။ 

စစ်ဦးစီးချုပ် ရာထူးတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလမှ စတင်ကာ တာဝန်ပေးအပ်ခြင်း ခံရသည်။ သူသည် တော်ဝင်မိသားစုကို သစ္စာ စောင့်သိသူ အဖြစ် ရှုမြင်ခြင်း ခံရပြီး သက်ဆင်နှင့် ယင်လက်တို့ ဦးဆောင်သည့် အစိုးရများကို ထောက်ခံသော ရှပ်နီများကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တတ်သူ အဖြစ် နာမည်ကြီးသည်။

စစ်တပ်သည် အမြဲ ကြားနေမည် ဟု သူရာထူး ရယူချိန်တွင် ဗိုလ်ချုပ်ကြီး ပရာယုက ပြောခဲ့သည်။ သို့သော် အချို့သော သူ၏ လုပ်ဆောင်ချက်များက ထိုအချက်ကို သံသယ ပွားစေခဲ့သည်။

၂၀၁၀ ခုနှစ်က ဆန္ဒပြမှုများအတွင်း ဖြစ်ပွားခဲ့သော လုပ်ကြံသတ်ဖြတ်မှုများကို လေ့လာစုံစမ်းမှုအား ချန်အိုချာက သြဇာသုံး ၀င်ရောက် စွက်ဖက်သည်ဟု Human Rights Watch စောင့်ကြည့် လေ့လာရေး အဖွဲ့က စွပ်စွဲထားသည်။

ယင်လတ်ခေါင်းဆောင်သော ဖျုထိုင်းပါတီသည် ဗိုလ်ချုပ်ကြီး ချန်အိုချာ အပါအ၀င် အရေးကြီး စစ်ခေါင်းဆောင်များနှင့် ပလဲနံပသင့်ရန် အထူး ကြိုးစားခဲ့သည်ကို တွေ့ရသည်။

ဖျုထိုင်းပါတီက သက်ဆင် တိုင်းပြည်တွင်း ပြန်ဝင်လာနိုင်မည့် လွတ်ငြိမ်းချမ်းသာခွင့်ကို လွှတ်တော်တွင် တင်သွင်းသောကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်လာသော အချိန်က ချန်အိုချာသည် နှုတ်ဆိတ်နေခဲ့ဖူးသည်။

သို့သော် ဆင့်ကဲ ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာသော အခါတွင်မူ ဗိုလ်ချုပ်ကြီး ချန်အိုချာက နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော လူထုကောင်စီကို ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ၏ ထုတ်ပြန်ကြေငြာချက်တွင် ဘန်ကောက်မြို့နှင့် တိုင်းပြည်တွင် အခြား နေရာများတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် အပြစ်မဲ့ ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် စည်းစိမ်ကို ပျက်စီးနေစေပြီး ထပ်မံ တိုးပွားလာမည့် အလားအလာများကြောင့် ... ဟု ပြောခဲ့ပါသည်။

လပေါင်းရှည်ကြာနေသည့် နိုင်ငံရေး ပဋိပက္ခကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်မှုက စစ်တပ် အာဏာသိမ်းမှုအတွက် အကြောင်းတရားတစ်ခု ဖြစ်ခဲ့သည်မှာ အမှန်ဖြစ်သည်။ သို့သော် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပိုမိုကြီးထွားလာပါက ထိုင်းစစ်တပ်က မည်သို့ကိုင်တွယ်မည်နည်း ဆိုသည်ကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်ပါသည်။


BBC

Friday, May 23, 2014

ယင်လတ်နဲ့ မိသားစုကို စစ်တပ်ကထိန်းသိမ်း

                          ယင်လတ်နဲ့သူ့မိသားစုဝင်တွေအပြင်အစိုးရခေါင်းဆောင်ဟောင်း
                          တွေကို ထိန်းသိမ်းထား

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်နဲ့ သူ့မိသားစုဝင်တွေကို စစ်တပ်က ထိန်းသိမ်းထားလိုက်ပြီလို့ အခုလေးတင် ၀င်လာတဲ့ သတင်းတွေအရ သိရပါတယ်။

ယင်လတ်နဲ့အတူ အစိုးရအဖွဲ့ဟောင်းက အခြား နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဘန်ကောက်မြို့က စစ်စခန်းကို အစောပိုင်းက သတင်းပို့ခဲ့ကြရပါတယ်။

အဲဒီ စစ်စခန်းမှာ နာရီအတော်ကြာ ထိန်းသိမ်းခံထားရပြီး နောက်မှာ အတိအကျ မသိရတဲ့ နေရာကို ခေါ်ဆောင် ထိန်းသိမ်းခြင်း ခံလိုက်ရတယ်လို့ သတင်းရပါတယ်။

စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ပရာယွတ် ချန် အိုချာဟာ သူ့ရဲ့ တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲတွေ မစခင် ပြုပြင် ပြောင်းလဲရေးတွေ အရင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

စစ်တပ်ရဲ့ ရာထူးအကြီးဆုံး အရာရှိ ၆ ယောက်ကိုလည်း ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးကို တာဝန်ယူဖို့အတွက် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

BBC

Saturday, May 17, 2014

အိန္ဒိယရွေးကောက်ပွဲမှာ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး အနိုင်ရတာကြောင့် ပြည်သူတွေ အောင်ပွဲခံ

                    

၂၀၁၄ အိန္ဒိယရွေးကောက်ပွဲမှာ ဟိန္ဒူအမျိုးသားဝါဒီ၊ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး နာရမ်ဒရာ မော်ဒီက နှစ်ပေါင်း ၃၀ အတွင်း မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အိန္ဒိယနိုင်ငံတ၀ှမ်း အိန္ဒိယပြည်သူတွေ အောင်ပွဲခံနေကြပါတယ်။

အိန္ဒိယ၀န်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရတဲ့ မော်ဒီဟာ မကြာခင်မှာ ဂူဂျရတ်ပြည်နယ်ကနေ မြို့တော်ဒေလီမှာ သွားရောက်ပြီး အောင်ပွဲခံချီတက်ပွဲ သွားရောက်တော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ် မန်မိုဟန်ဆန်းကတော့ ကွန်ဂရတ်ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာကြောင့် ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်မယ်လို့ မျှော်လင့်ရပါတယ်။

ဝန်ကြီးချုပ်သစ်မော်ဒီက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို ပြန်ပြီးဦးမော့လာအောင် ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်အတွင်း အိန္ဒိယပြည်သူတွေကို ကတိပေးထားပါတယ်။

ရွေးကောက်ပွဲမဲရလဒ်တွေအရ ဘီဂျေပီပါတီတခုထဲက အနည်းဆုံးရရမယ့် အမတ်နေရာ ၂၇၂ ကို ကျော်လွန်ခဲ့တာကြောင့် မဟာမိတ်ပါတီတွေမပါပဲနဲ့တောင် အစိုးရဖွဲ့နိုင်ပြီဖြစ်ပါတယ်။ မဟာမိတ် ပါတီတွေရဲ့ အမတ်နေရာတွေပါထည့်တွက်ရင် အမတ်နေရာ ၃၃၀ ကျော်ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၂ ခုနှစ်က ဂူဂျရတ်ပြည်နယ်မှာဖြစ်ပွားခဲ့ ဘာသာရေးအဓိကရုန်းတွေကို မတားဆီး မဟန့်တားနိုင်ခဲ့တာကြောင့် သူ့ရဲ့ခေါင်းဆောင်မှုအပေါ် သံသယရှိတဲ့ ပြည်သူတွေ လည်း အများအပြားရှိပါတယ်။ ဂူဂျရတ်အရေးအခင်းမှာ လူအနည်းဆုံး ၁၀၀၀ လောက်သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေဖြစ်ကြပါတယ်။

မော်ဒီကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး တရားစွဲအရေးယူခံရတာလည်း မရှိခဲ့ပါဘူး။ မော်ဒီ အိန္ဒိယ၀န်ကြီးချုပ်အဖြစ်ရွေးကောက်ခံရမှုကို အမေရိကန်သမတ အိုဘားမား နဲ့ ဗြိတိန်ဝန်ကြီချူုပ် ဒေးဗစ်ကင်မရွန်းတို့အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှရစ်ကလည်း ဘီဂျေပီပါတီရဲ့အောင်မြင်မှုကို ဂုဏ်ပြုခဲ့ပါတယ်။ ကွန်ဂရက်ပါတီကတော့ အဂတိလိုက်စားမှုတွေ၊ အခုနောက်ပိုင်းနှစ်တွေမှာ ထိရောက်တဲ့ စီမံအုပ်ချုပ်မှု၊ ခေါင်းဆောင်မှုမပေးနိုင်ခဲ့ဘူးဆိုတဲ့စွဲချက်တွေကြောင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲသမိုင်းတလျှောက်မှာ မဲရရှိမှုအနည်းဆုံးဖြစ်ခဲ့ပါတယ်။

dvb burmese

Thursday, May 15, 2014

မလေးရှားရောက် မြန်မာတွေကို အသိအမှတ်ပြုကဒ် ထုတ်ပေးမယ်



မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်ရတဲ့မြန်မာ နိုင်ငံသားတွေကို တရားဝင်အသိအမှတ်ပြု လက်မှတ် ထုတ်ပေးဖို့  မြန်မာအစိုးရ နဲ့ နှစ်နိုင်ငံသဘောတူညီမှု ရပြီးပြီလို့  မလေးရှားပြည်ထဲရေးဝန်ကြီး အာမက်ဇာဟိ ကပြောလိုက်ပါတယ်။

အဲ့ဒီလို တရားဝင်လက်မှတ်တခုရပြီးရင် မလေးရှားမှာ အလုပ်ပဲဆက်လုပ်လုပ်၊ မြန်မာနိုင်ငံ ပဲ ပြန်-ပြန် နှစ် သက်ရာဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်မှတ်ထုတ်ပေးနိုင်မယ့်ရုံးတွေ ကို နောက်လမှာ ဖွင့်မယ်လို့ ပြောပါတယ်။ ဒီအစီအစဉ်အရ အဲ့ဒီရုံး ဟာ နေရပ်ပြန်ချင်တဲ့မြန်မာတွေကိုလဲ ကူညီပေးမယ် လို့ ဆိုပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် အဲ့ဒီရုံးတွေကို ကွာလာလမ်ပူရ်၊ ပီတလင်းဂျာရား၊ ဂျိုဟော နဲ့ ပီနန်းမြို့  တွေမှာဖွင့်မယ်လို့ ပြောပါတယ်။

လက်ရှိမှာ မလေးရှားကထိမ်းသိမ်းရေးစခန်းမှာအဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁ သောင်း ၂ ထောင်လောက် ရှိနေပြီး၊ တချို့ ဆိုရင် အချုပ်ထဲမှာ ၆ လကျော်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့်သူတို့ မှာ သက်သေအထောက်အထား တစုံတရာမရှိတဲ့အတွက် မလေးရှားအနေနဲ့ ပြန်လွှတ်ပေးဖို့ အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁ သိန်း ၄ သောင်းကျော်ရှိတဲ့ အပြင်၊ ကုလသမဂ္ဂကဒုက္ခသည်အဖြစ်အသိအမှတ်ပြုထားသူမြန်မာနိုင်ငံသား ၁ သိန်း ၂ သောင်း လောက်ရှိတယ် လို့ သိရပါတယ်။

RFA

ထိုင်း အကြမ်းဖက်မှု စစ်တပ်အကြီးအကဲ သတိပေး

                           ပစ်ခတ်မှုဖြစ်ပွားရာ အဆောက်အအုံကို စစ်ဆေးစဉ်။
ထိုင်းစစ်တပ် အကြီးအကဲဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ General Prayut Chan-O-Cha က နိုင်ငံရေး အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်လာမယ်ဆိုရင် စစ်တပ်က မဖြစ်မနေ ကြားဝင် လာရနိုင်တယ်လို့ ရုပ်မြင်သံကြားကနေ သတိပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လူ ၃ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြ သူတွေရဲ့ သပိတ်စခန်းကို လက်ပစ်ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့မှု ဖြစ်အပြီး သူက အခုလို ပြောလိုက်တာပါ။
ဒဏ်ရာရသူ အမျိုးသမီး တစ်ယောက်က ပြောရာမှာ လက်နက်တွေနဲ့ ပစ်ခတ်အပြီး ပထမ ပေါက်ကွဲသံ ကြားရတယ်၊ ဒုတိယ တစ်ခုက သူ့ကို ထိခဲ့တယ်၊ နောက်တော့ သေနတ်သံတွေ တဒိုင်းဒိုင်း ကြားရတော့တာပါပဲလို့ ပြောပါတယ်။
တချိန်တည်းမှာပဲ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ခံတွေကလည်း လာမယ့်လမှာ နိုင်ငံအဝန်း ပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းကောင်း ရွှေ့ဆိုင်းရဖွယ် ရှိတယ်လို့ သတိပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၆ လက စတင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို မကြာခင် ပြေလည်အောင် ဖြေရှင်းနိုင်မယ့် ပုံတော့ မရှိဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။
ဘန်ကောက်မြို့တော် ဆင်ခြေဖုံးမှာ ပိုမို များပြားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ယာယီ ဝန်ကြီးချုပ် Niwatthamrong Boonsongphaisan နဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ ဆွေးနွေးနေ ကြတဲ့ လေတပ် အခြေစိုက် စခန်းကို ထိုးဖောက် ဝင်ရောက်သွားခဲ့လို့ ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။
BBC

မလေးရှားရောက် အထောက်အထားမဲ့ မြန်မာများအတွက် သတင်းကောင်း

မလေးရှားနိုင်ငံမှာ ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း မြန်မာနိုင်ငံသားတွေအတွက် မလေးရှား ပြည် ထဲရေး ဝန်ကြီး ဌာန ခွင့်ပြုချက်နဲ့ အန္တရာယ် ကင်းရှင်းစွာ တရားဝင်နေထိုင်အလုပ်လုပ်နိုင်မယ့် နားလည်မှု စာချွန်လွှာကို မလေးရှားနဲ့ မြန်မာ ကုမ္ပဏီ ၂ ခု က နေပြည်တော်မှာ လက်မှတ်ရေးထိုးကြပါတယ်။ 

 မလေးရှားက ပြန်ရောက်လာတဲ့ မြန်မာတချို့ကို မနှစ်က ရန်ကုန်လေဆိပ်မှာတွေ့ရစဉ်၊ ဓာတ်ပုံ- ဧရာဝတီ

မလေးရှား ကုမ္ပဏီ Bukti Megah Sdn Bhd နဲ့ မြန်မာနိုင်ငံဘက်က Diamond Palace ကုမ္ပဏီလိမိတက် တို့ရဲ့ လက်မှတ် ရေး ထိုးတာမှာ မလေးရှားပြည်ထဲရေး ဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် တို့နဲ့ အတူ မြန်မာ အစိုးရဘက်က ဒုဝန်ကြီးတွေ၊ အစိုးရ ဋ္ဌာနအကြီးအကဲတွေရဲ့ ရှေ့မောက်မှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းက နေပြည်တော် Grand Amara Hotel မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

 အခုလို နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးလိုက်တဲ့အတွက် မလေးရှားမှာ ရောက်နေတဲ့ အထောက် အထားမဲ့ မြန်မာ နိုင်ငံသားတွေကို မြန်မာကုမ္ပဏီက တရားဝင် အလုပ်သမားတွေဖြစ်စေရေး နိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ်တွေ လုပ်ပြီးတာ နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးပြီး တရားဝင်နေထိုင်ခွင့် ဗီဇာရရှိဖို့နဲ့ တရားဝင် အလုပ်လုပ်ခွင့်တွေရအောင် ကူညီလုပ်ဆောင် ပေးသွားမှာဖြစ်တယ်လို့ ဒီကနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဒါဟာ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာတွေအတွက် ပထမဆုံး လုပ်ခဲ့တဲ့ နားလည်မှု စာချွန်လွှာပဲဖြစ်ပါတယ်။  

မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာဝင် လူနည်းစုတွေနဲ့ မြန်မာတချို့အကြား ပဋိပက္ခတွေဖြစ်ပွားပြီး အကျိုးဆက် အနေနဲ့ မနှစ် က တော့ မလေးရှားရောက် မြန်မာတွေတချို့ဟာ ရန်လိုတိုက်ခိုက်သတ်ဖြတ်ခံရမှုတွေ ရှိခဲ့ပါ တယ်။ 

အထောက်အထားရှိတဲ့ မြန်မာတချို့လည်း စိုးရိမ်မှုတွေကြောင့် မလေးရှားနိုင်ငံမှာ ဆက်လက်နေထိုင် တာတွေ မလုပ်ပဲ မြန်မာပြည်ကို ပြန်လာခဲ့ကြ ပါတယ်။ 

ယနေ့ထုတ် မြန်မာအလင်းသတင်းစာ
ဧရာဝတီ

Wednesday, May 14, 2014

ဗီယက်နမ်မှာ တရုတ်ပိုင် စက်ရုံတွေမီးရှို့ခံရ

                           မီးရှို့ခံရတဲ့ ဘင်ဒေါင်းမြို့က စက်ရုံတစ်ရုံ။

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှာ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ပြည်ပနိုင်ငံပိုင် စက်ရုံတွေ မီးရှို့ခံခဲ့ကြရပြီး ပျက်စီးသွားခဲ့ကြပါတယ်။
တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ်နဲ့ ဗီယက်နမ်ကြား ပိုင်နက် အငြင်းပွားရာ နေရာမှာ တရုတ်ဘက်က ရေနံတူးစင် ချထားမှုကို ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ စက်ရုံတချို့က ထိုင်ဝမ်ပိုင် စက်ရုံတွေ ဖြစ်ကြပြီး တရုတ်ပိုင်အဖြစ် မှားယွင်း တိုက်ခိုက် ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဆန္ဒပြ တိုက်ခိုက်မှုတွေက နိုင်ငံရဲ့ တခြား နေရာတွေကိုပါ ပြန့်နှံ့သွား ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်း အတော်များများကို ပိတ်ထားခဲ့ကြပါတယ်။
ဗီယက်နမ် အာဏာပိုင်တွေက လူတွေ ရာနဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။
တရုတ်ဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ ဗီယက်နမ်ကို တိုက်တွန်းခဲ့ပါတယ်။
BBC

Wednesday, May 7, 2014

ထိုင်းဝန်ကြီးချုပ် ယင့်လတ်ကို ဖယ်ရှားပြီး ယာယီ ဝန်ကြီးချုပ်သစ်ခန့်


ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဖြုတ်ချလိုက်ပြီး ကုန်သွယ်ရေးဝန်ကြီး Niwatthamrong Bunsongphaisan ကို ယာယီ ဝန်ကြီးချုပ်အဖြစ် ယနေ့ ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ၀န်ကြီးချုပ်အဖြစ် အုပ်ချုပ်ခွင့် မရှိတော့ကြောင်း မေလ ၇ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၁ ခုနှစ်က ထိုင်းအမျိုးသား လုံခြုံရေးဌာန အကြီးအကဲ အစားထိုး ပြောင်းလဲခန့်အပ်ခဲ့တာဟာ ရှင်နာဝပ် မိသားစုရဲ့ ဖွေထိုင်းပါတီအတွက် အကျိုးအမြတ်တွေရခဲ့ပြီး ဒါဟာ အာဏာကို အလွဲသုံးစား လုပ်ခြင်းဖြစ်ကြောင်း Paiboon Nititawan ဦးဆောင်တဲ့ ထိုင်း အထက်လွှတ်တော် အမတ်တွေက စွဲဆိုထားတာပါ။ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက မစ္စ ယင့်လတ်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက အာဏာ အလွဲသုံးစားမှုနဲ့ ယမန်နေ့က စတင်က ကြားနာ စစ်ဆေးခဲ့အပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အခုလို ဆုံးဖြတ်ချက်ကြောင့် အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် တာဝန် ထမ်းဆောင်နေတဲ့ မစ္စ ယင့်လတ် အပါအ၀င် ၀န်ကြီး အဖွဲ့ဝင် ၉ ဦးဟာလည်း သူတို့ရဲ့ တာဝန်တွေက အဆုံးသတ် ထွက်ပေးကြရမှာဖြစ်တယ်လို့ ထိုင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
အဲဒီ ဆုံးဖြတ်ချက်အရ မစ္စ ယင့်လတ်ဟာ နိုင်ငံရေးလုပ်ပိုင်ခွင့်လည်း ၅ နှစ် ပိတ်ပင်ခံရမှာဖြစ်သလို လစ်လပ်သွားတဲ့ ဒီနေရာတွေအတွက် ထိုင်း ဖွဲ့စည်းပုံဆိုင်ရာ အခြေခံ ဥပဒေခုံရုံးက တပါတည်း တာဝန်ပေးအပ်ရမှာလည်း ဖြစ်ပါတယ်။
ထိုင်းအမျိုးသား လုံခြုံရေးဌာန အကြီးအကဲ မစ္စတာ Thawil ကို ထိုစဉ်က ၀န်ကြီးချုပ် မစ္စ ယင့်လတ်ဟာ ၂၀၁၁ ခုနှစ်က ဖယ်ရှားခဲ့ပြီး မစ္စ ယင့်လတ်ရဲ့ ဆွေမျိုးတော်စပ်သူ ရဲဗိုလ်ချုပ် Wachean Potephosree ကို အစားထိုးကာ ဆက်ခံစေခဲ့ပါတယ်။ ဒီကိစ္စကို အထက်လွှတ်တော် အမတ်တွေက အာဏာ အလွဲသုံးစားလုပ်တယ်ဆိုပြီး စွဲချက်တင်ခဲ့တာမှာ မစ္စ ယင့်လတ် အခုလို ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်ထဲမှာ မစ္စ ယင့်လတ် ဖယ်ရှားခဲ့တဲ့ မစ္စတာ Thawil ကို မူလ ရာထူးကိုလည်း ပြန်လည် ခန့်အပ်ကြောင်း အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
မစ္စ ယင့်လတ်ကတော့ သူ့ရဲ့ ၀န်ကြီးချုပ် ရာထူးနဲ့ တရားဝင် လုပ်ပိုင်ခွင့်အရ ရာထူးတာဝန် ပြောင်းလဲ ခန့်အပ်ခဲ့တာဖြစ်ပြီး သူ့ကို စွပ်စွဲထားသလို အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး စွပ်စွဲမှုတွေ အားလုံးကိုလည်း ငြင်းဆန်သွားမှာ ဖြစ်တယ်လို့ မနေ့က ပြောခဲ့ပါတယ်။
အခုလို ဖြစ်ပျက်မှုဟာ ထိုင်းနိုင်ငံရေးမှာ မစ္စ ယင့်လတ်နဲ့ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေအကြား အားပြိုင်မှု အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်။
ဧရာဝတီ

Monday, May 5, 2014

ပြည်လုံးကျွတ် မွတ်ဆလင်ညီလာခံ စက်တင်ဘာမှာကျင်းပမည်

                           

လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေအပေါ် အခြေခံတဲ့ သွေးထွက်သံယို ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ရည်ရွယ်ပြီး ပြည်လုံးကျွတ် မွတ်စလင်ညီလာခံတရပ် ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင်တွေအပေါ် အထင်အမြင် လွဲမှားစေမယ့် ပြောဆိုမှုတွေကိုလည်း တားဆီးနိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ညီလာခံစီစဉ်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

အနာဂတ် မြန်မာနိုင်ငံမှာ ဘာသာမတူ ကိုးကွယ်သူတွေအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်စေတဲ့ အမုန်းစကား ပပျောက်စေရေးရည်ရွယ်ပြီး ပြည်ထောင်စုသား မွတ်စလင်များ  ပြည်လုံးကျွတ်ညီလာခံကို ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဖွား မွတ်ဆလင်တွေ အပေါ်မှာ အထင်အမြင်လွဲမှားမူတွေကို ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့လည်း ဒီကနေ့ ရန်ကုန် တော်ဝင်နှင်းဆီမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

“ဒီနေ့ လူတွေအထင်မှားတာ-- လူ့အဖွဲ့အစည်း၊  ဘာသာတူတဲ့သူတွေ၊ နောက် --မွတ်ဆိုဖိုဘီးယား၊ တာလီဘန်  စသဖြင့် အထင်အမြင်လွဲမှားမှုတွေ လုံးဝမဟုတ်ပါဘူး။ ဒါတွေကို ကျနော်တို့ပြည်ထောင်စုသားတွေ ကြားထဲမှာ သမိုင်းမှာလည်း အမှန်အတိုင်း ဖော်ထုတ်လိုတဲ့ ဆန္ဒရှိပါတယ်။”

ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံကိုတော့ လာမယ့် လေးလအတွင်း ကျင်းပဖို့ စီစဉ်ထားပြီး စက်တင်ဘာလထဲမှာ ကျင်းပနိုင် မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း စီစဉ်သူတွေက ပြောပါတယ်။ ညီလာခံဖြစ်မြောက်ရေး ကော်မတီ အထွေထွေ အတွင်းရေးမှူး တရားလွှတ်တော် ရှေ့နေဦးအုန်းမောင်ကတော့ မွတ်ဆလင် လူနည်းစုတွေအပေါ် အထင်အမြင်လွဲမှားအောင် ပြောဆိုချက်တွေကို ပြန်လည်ရှင်းပြလိုတဲ့အတွက် အခုလို ညီလာခံ ကျင်းပဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ဟာ ကျနော်တို့ကိုယ်ကျနော်တို့ ဟိုး ဘိုးစဉ်ဘောင်ဆက်ကတည်းက မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုသားတွေထဲက ပြည်ထောင်စုသားတွေလို့ ကျနော်တို့က ခံယူပါတယ်။ အဲဒီလိုခံယူတဲ့အတွက် ပြည်ထောင်စုသားတွေနဲ့ တသားတည်းရှိပါတယ်။- ဒါကြောင့် ကျနော်တို့က ဘာသာ၊ လူမျိုး၊ ခွဲခြားတဲ့စိတ် လုံးဝ မရှိပါဘူး။ သို့သော် တိုင်းရင်းသား ညီအကို မောင်နှမတွေက သူတို့ရဲ့အမျိုးသားရေး၊ သူတို့ရဲ့ညီလာခံတွေ၊ သူတို့ရဲ့အစည်းအဝေးတွေ အသီးသီး ကျင်းပကြတယ်။ အဲဒီလိုပဲ ကျနော်တို့လည်း ပြည်ထောင်စုသားထဲက ပြည်ထောင်စုသားအနေနဲ့ မွတ်ဆလင်တွေရဲ့အရေးကို ဒီလို ဥပဒေဘောင်ထဲက ကျင်းပတဲ့အခါမှာ ကျနော်တို့မိတ်ဘက်ဖြစ်တဲ့ ပြည်ထောင်စုသားထဲက ညီအကို မောင်နှမတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဧည့်သည်တော်အဖြစ် ဖိတ်ကြားဖို့ အစီအစဉ်ရှိပါတယ်။ သို့သော် ရရှိနိုင်မယ့် နေရာအခက်အခဲနဲ့ ခွင့်ပြုနိုင်တဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ အတိမ်အနက်ကွာခြားမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံတော်အကြီးအကဲတွေပါ လာရောက်ပြီးတော့ တက်ရောက်စေချင်တဲ့စေတနာ ကျနော်တို့မှာ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ရာမှာ မွတ်ဆလင်လူနည်းစု အပေါ် ပစ်မှတ်ထား တိုက်ခိုက်တာ၊ ခွဲခြားဖိနှိပ်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဝေဖန်ခဲ့ကြ တာပါ။ လူပေါင်း ရာဂဏန်းအထိ ထိခိုက်သေကျေပြီး သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေကြောင့်လည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်မယ် လို့ ကတိပြုထားတဲ့ မြန်မာအစိုးရအတွက် နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာ ထိခိုက်နိုင်သလို၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကိုလည်း ထိခိုက်နိုင်တယ်ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတိပေးနေကြတာလည်း ဖြစ်ပါတယ်။
VOA

Sunday, May 4, 2014

အာဖဂန်အရှေ့မြောက် မြေပြို မှု လူ ၂,၀၀၀ ပျောက်နေဆဲ




သောကြာနေ့တုန်းက အာဖဂနစ္စတန် အရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်ပြီး အကြီးအကျယ်မြေပြိုမှုကြောင့် လူတွေရာနဲ့ချီသေဆုံးပြီး လူ ၂ ထောင်လောက်လည်း ပျောက်ဆုံးနေပါတယ်။ ကယ်ဆယ်ရေးသမားတွေနဲ့ ရာပေါင်းများစွာသော စေတနာ့ဝန်ထမ်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။

Badakhshan ခရိုင် အာဂိုမြို့အရှေ့မြောက်ပိုင်း ဝေးလံခေါင်သီတဲ့အရပ်မှာ ရာပေါင်းများစွာသော ဒလဟော ရွာသွန်းတဲ့မိုးကြောင့် ပေ ၃၀ ကျော် လောက်ရှိတဲ့ ရွံ့တွေနဲ့ အပျက်အစီးတွေက ရာပေါင်းများစွာသောအိမ်တွေပေါ် ပြိုကျနေတဲ့ကြားမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေကြရတာ ဖြစ်ပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနိုင်ရေးနဲ့ ကျန်ရစ်သူတွေကို ရိက္ခာထောက်ပံ့နိုင်ရေးအတွက် အာဖဂန် ရဲတပ်ဖွဲ့ကလည်း ကူညီနေပါတယ်။ Badakhshan ခရိုင်ရဲမှူး ဗိုလ်ချုပ် Faziluddin Hayar က ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

ကျနော်တို့ အနေနဲ့ ဒီဒေသကနေ ရွှေ့ပြောင်းကြသူတွေ အတွက်ကိုပဲ ကူညီပေးနိုင်ပါတယ်။ မြေပြိုလို့ ပိတ်မိပြီး အသက်ဆုံးရှုံးရသူတွေအတွက်ကတော့ ဘာမှ လုပ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ သူတို့ကတော့ သေကုန်ကြပါပြီ။ ကျနော်တို့မှာ ရှိတဲ့ အင်အားနဲ့ နောက်ဆုံး ကယ်ဆယ်နိုင်ခဲ့တာကတော့ အသက်ရှင် ကျန်ရစ်သူ ၇ ယောက်နဲ့ သေဆုံး သူ ၃ ယောက်တို့ပဲ ဖြစ်ပါတယ်လို့ ရဲချုပ်က ပြောသွားတာ ဖြစ်ပါတယ်။

အိမ် ၃၀၀ နီးပါးလောက်ပေါ်ကို မြေပြိုကျခဲ့ပြီးနောက် လူ ၂ ထောင်လောက်ဟာ အခုချိန်ထိ သေတယ် ရှင်တယ်ဆိုတာ သဲသဲကွဲကွဲ မပြောနိုင်သေးဘူး ဆိုပြီး ခရိုင် အုပ်ချုပ်ရေးမှူး Shah Waliullah Adeeb က ပြောပါတယ်။

လူ ၃၅၀ သေဆုံးတယ်လို့ ကုလ အရာရှိတွေက အတည်ပြု ပြောကြားပါတယ်။  နောက်ထပ် မြေပြိုကျမှုတွေကို စိုးရိမ်ရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ်မှာ ခြိမ်းခြောက်မှုတွေ ရှိနေသလို အဲဒီဒေသမှာ နေထိုင်ကြတဲ့ ရာပေါင်းများစွာသော လူတွေကိုလည်း နေရာ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်ရှင်။
VOA

Saturday, May 3, 2014

အနောက်ကမ္ဘာ၏ အကြီးဆုံး မွတ်စလင် ကူညီကယ်ဆယ်ရေးအဖွဲ့ Islamic Relief ၏ နှစ် ၃၀ ပြည့် ယူကေတွင်ကျင်းပ

IslamicRelief-Celebrate-30-Years-of-Giving
- ကမ္ဘာတစ်ဝှမ်းရှိ လိုအပ်နေသူများကို ကူညီထောက်ပံ့ပေးသည့် ဘာမင်ဟမ်မှ အစ္စလာမ့် ကူညီကယ်ဆယ်ရေးအဖွဲ့ Islamic Relief ၏ နှစ် ၃၀ ပြည့်အခမ်းအနားကို ကြာသာပတေးနေ့က ကျင်းပခဲ့သည်ဟု သိရသည်။
၁၉၈၄ ခုနှစ်က ဘာမင်ဟမ်ရှိ ရုံးခန်းငယ်လေးတစ်ခုတွင် စတင်ဖွဲ့စည်းခဲ့သည့် အဆိုပါ Islamic Relief အဖွဲ့မှာ ယခုအခါ နိုင်ငံတကာအတိုင်းအတာနှင့် လုပ်ဆောင်နေသည့် အဖွဲ့အဖြစ် ကြီးထွားလာခဲ့ကာ အနောက်နိုင်ငံအခြေစိုက် အကြီးဆုံး မွတ်စလင် ကူညီကယ်ဆယ်ရေးအဖွဲ့လည်းဖြစ်သည်။
Islamic Relief အဖွဲ့မှာ ပါကစ္စတန်တွင် အကူအညီပေးရေးနှင့် ဖွံ့ဖြိုတိုးတက်ရေး လုပ်ငန်းများကို ဇောက်ချ လုပ်ဆောင်နေပြီး၊ ပါလက်စတိုင်းတွင်လည်း ကုလအေဂျင်စီများပြီးနောက် ဒုတိယအကြီးဆုံး ကူညီထောက်ပံ့ရေးအဖွဲ့ဖြစ်သည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အလွန်လိုအပ်နေသည့် ဆီးရီးယားနိုင်ငံတွင်လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။
“ဆီရီးယားနိုင်ငံအတွင်းနဲ့ ပတ်ဝန်းကျင်က ဂျော်ဒန်၊ လက်ဘနွန်၊ အီရတ်နဲ့ တူရကီနိုင်ငံတို့မှာရှိနေတဲ့ ဆီးရီးယားပြည်သူ ၂ သန်းကျော်ကို အစားအသောက်၊ နေရာထိုင်ခင်း၊ ဆေးဝါး အကူအညီနဲ့ အခြားသော ထောက်ပံ့မှုတွေကို ပြုလုပ်နေပါတယ်။ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးနေရာမှာ Islamic Relief က အလုပ်တွေ လုပ်နေရတာပါ” ဟု ဘာမင်ဟမ်ရှိ Islamic Relief ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘာမင်ဟမ်ပို့စ် သတင်းစာသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။
ယူကေအစိုးရ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အတွင်းရေးမှူး ဂျပ်စတိုင်း ဂရင်းနင်းကလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အကူအညီပေးရေး လုပ်ဆောင်မှုများ နှစ်ပေါင်း ၃၀ ပြည့်ခဲ့သည့်အတွက် ချီးကျူးပြောဆိုခဲ့သည်။
Islamic Relief Worldwide (IRW) မှာ ကမ္ဘာလုံးဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အဆင်းရဲဆုံး ပြည်သူများ အတွက် လွယ်ကူမှုများရရှိရန် ရည်ရွယ်ချက်ဖြင့် မွတ်စလင် ကူညီကယ်ရေး အေဂျင်စီ ၁၅ ခု စုပေါင်း ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတစ်ခု အဖြစ် စတင်လာခဲ့ပြီးနောက် ယခုအခါတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် ဖြန့်ကျက် လုပ်ဆောင်နေပြီး နှစ်စဉ် ကောက်ခံရရှိသည့် လှူဒါန်းငွေမှာ ပေါင် သန်း ၁၀၀ ကျော်ရှိသည်။
၁၉၈၉ ခုနှစ်တွင် ထိုအဖွဲ့မှာ ယူကေ ကူညီကယ်ဆယ်ရေး ကော်မရှင်တွင် မှတ်ပုံတင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်များတွင် အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများတွင် ရုံးခန်းများ ဖွင့်လှစ်နိုင်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် Islamic Relief အဖွဲ့၏ ဆူဒန်နိုင်ငံ၌ လေ့ကျင့်ရေးစင်တာတစ်ခုဖွင့်လှစ်ရန်အတွက် ယူကေအစိုးရမှ ထောက်ပံ့ငွေ ပေါင် ၁ သိန်း ၈ သောင်းပေးအပ်ခဲ့သည်။  ယူကေအစိုးရ၏ ထောက်ပံ့ငွေကို ပထမဆုံးရသည့် မွတ်စလင်ကယ်ဆယ်ရေးအဖွဲ့ဖြစ်ပြီး ယူကေ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာနနှင့်လည်း လက်တွဲလုပ်ဆောင်နေသည်။
OnIslam & Newspapers
M- MEDIA

ထိုင်းအစိုးရကို မြန်မာအလုပ်သမားတွေ ဆန္ဒပြ

ကမ္ဘာ့အလုပ်သမားနေ့မှာထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားအဖွဲ့အစည်းတွေနဲ့ မြန်မာ 
ရွှေ့ပြောင်း လုပ်သား တွေက သူ့တို့ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေကို ရပ်တံ့ပြီး အလုပ်သမားအခွင့်အရေးတွေ ကို လေးစားလိုက်နာပေးဖို့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က အစိုးရရုံးကိုသွားရောက်ပြီး ဆန္ဒပြတောင်း ဆို ခဲ့ကြပါတယ်။ 

ဓာတ်ပုံ - ကျော်ခ/ဧရာဝတီ 

ဆန္ဒပြ မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ချင်းမိုင် ခရိုင် အုပ်ချုပ်ရေးမှူးက လက်ခံခဲ့ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စစ် ယင့်လလပ်ရှင်နာဝပ် ထံကို ရောက်အောင်ပို့ပေးမယ်လို့ ဆန္ဒမြန်မာအလုပ်သမားတွေကို ကတိပေးလိုက်ပါတယ်။









ဧရာသတီ