Comments

Wednesday, June 4, 2014

ထိုင်းမှာ လက်သုံးချောင်းထောင်တာကို တားမြစ်


စစ်တပ် အာဏာသိမ်းလိုက်တဲ့ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေထဲမှာ လက်သုံးချောင်းထောင်ပြတဲ့ သင်္ကေတဟာလည်း စစ်တပ်ကို ဆန့်ကျင်တဲ့ သင်္ကေတဖြစ်တယ် လို့ ထိုင်းစစ်တပ်က သတ်မှတ် ပိတ်ပင်လိုက်ပါတယ်။
ဒီလိုလုပ်တဲ့သူတွေကို အခြေအနေ စောင့်ကြည့်ပြီး ဖမ်းဆီးထောင်ချနိုင်တယ် လို့ ထိုင်းအာဏာသိမ်း စစ်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တွေက ပြောပါတယ်။
ဘန်ကောက်မြို့က လူစည်ကားတဲ့နေရာ တချို့နဲ့ မိုးပျံရထားဘူတာရုံတွေမှာ ထိုင်းစစ်တပ်အာဏာသိမ်းမှုကို မလိုလားတဲ့သူတွေက ညာဘက်လက်က လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် သုံးချောင်းထောင်ပြတဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်လာနေတာကို အခုရက်ပိုင်းတွေ့နေရပါတယ်။
ဒါဟာ အမေရိကန် ဒါရိုက်တာတစ်ဦး ရိုက်ကူးတဲ့ hunger games ဆိုတဲ့ ရုပ်ရှင်ကားထဲက စစ်တပ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ပုံစံကို ကူးချပြီး အခုလို လုပ်ကြတာလို့ ပြောတာရှိသလို လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သဟဇာတ ဖြစ်မှု ဆိုတဲ့ ပြင်သစ် သင်္ကေတကို ကိုယ်စားပြုတာလို့လည်း တချို့က ပြောပါတယ်။
ထိုင်းစစ်အစိုးရကတော့ ဒီလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး အရပ်ဝတ်တွေနဲ့ သတင်းသမားတွေ အယောင်ဆောင်ပြီး ဖမ်းဆီးတာတွေလုပ်နေသလို စစ်တပ်အာဏာသိမ်းမှု ကို ဆန့်ကျင်တဲ့ ဘယ်လှုပ်ရှားမှုကိုမဆို ကူညီအားပေးသူတွေကိုလည်း ထောင်ဒဏ်အထိ အပြစ်ပေး အရေးယူတာတွေ ရှိပါတယ်။
ဒါပေမယ့် ဆန့်ကျင်သူတွေဘက်ကတော့ နေ့စဉ် မနက် ၉ နာရီ၊ ၁ နာရီ နဲ့ ညနေ ၅ နာရီတို့မှာ စစ်တပ်နဲ့ ရဲ မရှိတဲ့ လူစည်ကားတဲ့နေရာတွေမှာ ညာဘက် လက်ခလယ် သုံးချောင်းထောင်ပြီး ဆန့်ကျင်ကြဖို့ နှိုးဆော်ထားပါတယ်။

BBC