ယင်းလပ် ရှင်နာဝါထရာ (Yingluck Shinawatra) ကို ၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၁
ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့၌ မွေးဖွားသည်။ ချင်းမိုင်
တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ဘွဲ့လွန်သင်တန်းကို အမေရိကန်ပြည်ထောင်စု
ကင်တပ်ကီပြည်နယ် တက္ကသိုလ်တွင် တက်ရောက် သင်ကြားခဲ့ပြီး Master
ဘွဲ့ကိုထပ်မံရရှိခဲ့သည်။ ရိုးရိုးဘွဲ့၊ မာစတာဘွဲ့နှစ်မျိုးစလုံးကို
ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဘာသာများ ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို မထမ်းဆောင်မီ သူမ၏အစ်ကိုတော် သက်ဆင်
ရှင်နာဝါထရာ (Thaksin Shinawatra) ထူထောင်ထားသည့်
စီးပွားရေးလုပ်ငန်းများတွင် စီမံအုပ်ချုပ်သူအဖြစ် လုပ်ဆောင်ခဲ့သည်။
နောက်ပိုင်းတွင် SC Asset ကုမ္ပဏီ၌ ဥက္ကဌရာထူးကိုလည်းကောင်း၊ Advanced Info
Service ကုမ္ပဏီတွင် မန်နေးဂျင်း ဒါရိုက်တာအဖြစ်လည်းကောင်း
တာဝန်ယူလုပ်ဆောင်ခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင်ဘဝ
ယင်းလပ်၏ အဘိုး ဆန်း ဆေခူသည် တရုတ်ပြည် ဂွမ်ဒေါင်းပြည်နယ်မှ
ထိုင်းနိုင်ငံသို့ ၁၈၆၀ ပြည့်နှစ်ခန့်က ရောက်ရှိလာသူ ဖြစ်သည်။ ဆန်း ဆေခူ၏
သားအကြီးဆုံးဖြစ်သူ ချင်းဆေခူကို ၁၈၉၀ ပြည့်နှစ်တွင် ချန်သာဘူရီမြို့၌
မွေးဖွားခဲ့သည်။ ချင်း ဆေခူသည် အရွယ်ရောက်လာသည့်အခါတွင် ဆောင် ဆိုမနာ
ဆိုသည့် ထိုင်းအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျသည်။ ချင်း ဆေခူသည် ၁၉၃၈
ခုနှစ်တွင် မွေးဖွားလာသည့် ပထမဦးဆုံးသားကို ထိုင်းအမည်မှည့်ခေါ်ကြသဖြင့်
ရှင်နာဝါထရာ ဖြစ်လာ သည်။ ခူ သို့မဟုတ် ရှင်နာဝါထရာ မျိုးဆက်သည်
ရှင်နာဝါထရာပိုးထည်လုပ်ငန်းကို ထူထောင်ကြသည်။ နောက်ပိုင်း
ဆောက်လုပ်ရေးနှင့် ဘဏ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ခဲ့ကြပြီး
ချမ်းသာလာခဲ့ကြသည်။
ယင်းလပ်၏ဖခင်ဖြစ်သူ လာ့တ်ကို ၁၉၁၉ ခုနှစ်တွင်
ချင်းမိုင်၌ မွေးဖွားသည်။ လာ့တ်သည် ယင်ဒီ ရာမင်ဝေါင် (မင်းသားကြီး ဂျန်တစ်
နာချင်းမိုင်၏သမီး) နှင့် လက်ထပ်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် လာ့တ်
ရှင်နာဝါထရာသည် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး
ချင်းမိုင်အမတ်တစ်ယောက်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။
ယခုပျောက်ကွယ်သွားပြီဖြစ်သည့် လစ်ဘရယ်ပါတီ၏
ဒုတိယခေါင်းဆောင်တစ်ယောက်လည်းဖြစ်ခဲ့သည်။ လာ့တ်သည် ၁၉၇၆ ခုနှစ်တွင်
နိုင်ငံရေးလောကမှ အနားယူလိုက်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ခဲ့သည်။
ချင်းမိုင်းနယ် ဆန်ကမ်ပန်းဒေသတွင် လိမ်ေမာ်နှင့် ပန်းများကိုလည်း
စိုက်ပျိုးခဲ့သေးသည်။ ထို့နောက် ရုပ်ရှင်ရုံနှစ်ရုံ၊ ဓာတ်ငွေ့အရောင်းဆိုင်၊
ကားနှင့် မော်တော်ဆိုင်ကယ်ကိုယ်စားလှယ်အဖြစ် လုပ်ငန်းစုံ လုပ်ကိုင်ခဲ့သည်။
ယင်းလပ် ရှင်နာဝါထရာသည် လာ့တ်နှင့် ယင်ဒီတို့မွေးဖွားသည့် သားသမီး
ကိုးယောက်အနက် အငယ်ဆုံးသမီးဖြစ်သည်။ သူမကို ငယ်စဉ်က ချစ်စနိုးအဖြစ်
ပေါင်ဟုခေါ်ကြသည်။ ပေါင်ဆိုသည်မှာ ထိုင်းဘာသာဖြင့် ကဏန်းဆိုသည့် အဓိပ္ပာယ်ရ
သည်။ ယင်းလပ်သည် ချင်းမိုင်တွင် ကြီးပြင်းခဲ့ရပြီး ရီဂျင်နာ ကိုလီကောလိပ်
(အမျိုးသမီးကျောင်း) တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ အထက်တန်းအဆင့်တွင်
ရပ်ပါရာ့ဂ်ျကောလိပ်သို့ ပြောင်းရွှေ့သင်ကြားခဲ့သည်။ ဘီအေဘွဲ့ကို နိုင်ငံရေး
သိပ္ပံနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အထူးပြုဘာသာရပ်များဖြင့် ၁၉၈၈
ခုနှစ်တွင် ချင်းမိုင်တက္ကသိုလ်က ရရှိခဲ့သည်။ MPA
ဘွဲ့ကိုလည်းစီမံခန့်ခွဲရေးနှင့် သတင်းအချက်အလက်စနစ်အထူးပြုဘာသာတွဲဖြင့်
၁၉၉၁ ခုနှစ်တွင် ကင်တပ်ကီပြည်နယ် တက္ကသိုလ်မှ ရရှိခဲ့သည်။
ယင်းလပ်သည် Shinawatra Directories ကုမ္ပဏီတွင် အလုပ်သင်အဖြစ် အရောင်းနှင့်
မားကက်တင်းဌာန၌ စတင် လုပ်ကိုင်ခဲ့ရသည်။ ထိုကုမ္ပဏီသည်
တယ်လီဖုန်းလမ်းညွှန်စာအုပ်ထုတ်သည့် လုပ်ငန်းကို လုပ်ဆောင်ပြီး AT&T
International ကုမ္ပဏီကထူထောင်ထားခြင်းဖြစ်သည်။ ယင်းလပ်သည်
ထိုကုမ္ပဏီ၏အရေးပါသော လုပ်ငန်းများကို စီမံခန့်ခွဲရသည့် ဒါရိုက်တာရာထူးကို
ရရှိလာခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ယင်းလပ်သည် Rainbow Media
ကုမ္ပဏီတွင် အထွေထွေမန်နေဂျာရာထူးကို လက်ခံခဲ့သည်။ ထိုကုမ္ပဏီ သည် IBC
(International Broadcasting Corporation) ကုမ္ပဏီ၏
လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး နောင်တွင် True Vasions အဖြစ်အမည်ပြောင်းခဲ့သည်။
၂၀၀၂ ခုနှစ်တွင် IBC မှ လက်ထောက်စီအီးအိုရာထူးဖြင့် ထွက်ခဲ့ကာ AIS
(Advanced Info Service) တွင် စီအီးအိုအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ AIS
သည် ထိုင်းနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းဆက်သွယ်ရေးအတွက် ဝန်ဆောင်မှုပေးနေသော
အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
AIS ကုမ္ပဏီ၏
မူလကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Shin ကုမ္ပဏီကို Temasek Holding ကုမ္ပဏီသို့
ရောင်းလိုက်ချိန်တွင် ယင်းလပ်လည်း AIS မှ အလုပ်ထွက်ခဲ့ရသည်။ သို့သော် SC
Asset ကုမ္ပဏီတွင် မန်နေဂျင်း ဒါရိုက်တာရာထူးဖြင့် ဆက်လက်လုပ်ကိုင်နေသေးသည်။
ထိုကုမ္ပဏီသည် ရှင်နာဝါထရာမိသားစုကုမ္ပဏီဖြစ်သည်။
AIS ကုမ္ပဏီတွင်
သူမပိုင်ဆိုင်ထားသည့် စတော့ရှယ်ယာများကို Shin ကုမ္ပဏီသည် Temasek
ကုမ္ပဏီသို့ လွှဲပြောင်းခြင်း မပြုမီ ရောင်းချခဲ့ခြင်းနှင့်ပတ်သက်ပြီး
ထိုင်းနိုင်ငံ Security and Exchange ကော်မရှင်၏စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရ
သည်။ သို့သော်မည်သည့် အရေးယူမှုမျိုးမှ ပြုလုပ်ခဲ့သည်ကို မတွေ့ရပေ။
ထိုအချိန်တွင် ယင်းလပ်သည် Thaicom Foundation တွင် အဖွဲ့ဝင်နှင့်
အတွင်းရေးမှူးရာထူးကို ရရှိခဲ့သည်။
သူမသည် အနုဆွန်
အေမွန်ချက်ဆိုသူနှင့် ထိုင်းရိုးရာဓလေ့အတိုင်း ထိမ်းမြားလက်ထပ်ခဲ့ပြီး
ဆုပါဆက်ဆိုသည့် သားတစ်ဦး ထွန်းကားခဲ့သည်။ အနုဆွန်သည် Charoen Pokphand
Group တွင် အုပ်ချုပ်သူအရာရှိအဖြစ်လည်းကောင်း၊ M Link Asia Corporation PCL
တွင် မန်နေးဂျင်းဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ သူ၏
အစ်မဖြစ်သူ ယောင်ဝါပါ ဝေါင်ဆာဝပ်သည် ယခင်ဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်း
ဝေါင်ဆာဝပ်၏ ဇနီးဖြစ်သည်။
ဝန်ကြီးချုပ်ဘဝ
ထိုင်းနိုင်ငံပါလီမန်သည် ယင်းလပ်ကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင်
ထိုင်းနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ်
ရွေးကောက်တင်မြှောက်ခဲ့သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဘဝသို့ရောက်ချိန်တွင် ယင်းလပ်သည် အသက် ၄၄
နှစ်သာရှိသေးသည်။ ပါလီမန်တွင် အမတ်နေရာ ပေါင်း ၅၀၀ ရှိသည့်အနက် သူမကို ၂၉၆
ဦးက ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြခြင်းဖြစ်သည်။
ယင်းလပ်သည် ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏
ညီမအငယ်ဆုံးတစ်ဦးလည်းဖြစ်သည်။ သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်က
အာဏာသိမ်းလိုက်သောကြောင့် ရာထူးပြုတ်သွားခဲ့ရသည့်
ဝန်ကြီးဟောင်းတစ်ဦးလည်းဖြစ် သည်။ ယခုအခါ သက်ဆင်သည် ဒူဘိုင်းနိုင်ငံတွင်
သွားရောက်ခိုလှုံနေရပြီး ထိုင်းနိုင်ငံသို့ ပြန်ရောက်ပါက အာဏာအလွဲ
သုံးစားပြုလုပ်မှုဖြင့် ထောင်သွင်းအကျဉ်းချထားရန်
စီရင်ခြင်းခံထားရသူလည်းဖြစ်သည်။ သူ့ကို ညီမဖြစ်သူ၏ Pheu Thai ပါတီတွင်
အဓိကကြိုးဆွဲနေသည့် ဇာတ်ဆရာကြီးတစ်ယောက်ဟု အများကလက်ခံယုံကြည်နေခဲ့ကြသည်။
ယင်းလပ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအပေါ် ထိုင်းဘုရင် ဘူမိဘော
အဒူရာဒက်က အသိအမှတ်ပြုကာ လက်ခံခဲ့သည်။ သူမကို အစိုးရအဖွဲ့တွင်
ပါဝင်ထမ်းဆောင်ခြင်း မပြုမီကတည်းက ထိုင်းဘုရင်သည် ထောက်ခံပြီးသားဖြစ်သည်။
သူမ၏ အစ်ကိုဖြစ်သူ သက်ဆင်၏ နိုင်ငံရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်ပြီး
တိုင်းပြည်က မကျေမနပ်ဖြစ်နေချိန်တွင် ယင်းလပ် သည်
နိုင်ငံခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ရသောကြောင့် တိုင်းပြည်အပေါ်
ကတိကဝတ်များပေးရန် အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော်
ပါတီမဲဆွယ်စဉ်ကတည်းက သာမန်လုပ်ခလစာများ တိုးမြှင့်ပေးမည်၊
မီးရထားလိုင်းများ ဖောက်လုပ်နေခြင်းကို အမြန်ဆုံးပြီးစီးသွားစေရန်
ဆောင်ရွက်သွားမည်၊ မူလတန်းကလေးများကို တက်ဘလက်ကွန်ပျူတာ များ အခမဲ့ပေးမည်၊
တိုင်းပြည်၏ ကျန်းမာရေးစနစ်များကို ပြန်လည်ပြုပြင်ဆောင်ရွက်ပေးမည်စသည့်
ကတိကဝတ်များ ကြောင့် နောက်ဆုံးတွင် သူမကို တိုင်းပြည်က
လက်ခံခဲ့ကြခြင်းဖြစ်သည်။
သူမဝန်ကြီးချုပ်အဖြစ် အာဏာရလာချိန်တွင်
အဓိကရင်ဆိုင်ရသည့် စိန်ခေါ်မှုများမှာ ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကွဲအပြဲ
ပြဿနာဖြစ်သည်။ ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက အစိုးရအဆက်ဆက်
ခေါင်းရှောင်ခဲ့သည့် ပြဿနာ များကိုလည်း သူမအနေဖြင့် ရင်ဆိုင်ဖြေရှင်းရန်
တာဝန်ဖြစ်ခဲ့ရသည်။ စစ်တပ်၏စိုးမိုးမှုများကို လျှော့ပါးစေပြီး နိုင်ငံရေး
သြဇာကို ထူထောင်နိုင်ရန် သူမအနေဖြင့် များစွာကြိုးပမ်းအားထုတ်ခဲ့ရသည်။
Pheu Thai ပါတီသည် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့်
အရှေ့မြောက်ပိုင်းဒေသများမှ ထောက်ခံမဲအများဆုံးရပြီး ရွေးကောက်ပွဲ တွင်
အနိုင်ရရှိခဲ့သည်။ ထိုဒေသများသည် သူမ၏အစ်ကို သက်ဆင်လက်ထက်ကတည်းက
ကျန်းမာရေးစောင့်ရှောက်မှုများကို အဆင့်မြှင့်လုပ်ဆောင်ပေးခြင်း၊
မူးယစ်ဆေးဝါးဂိုဏ်းများကို နှိမ်နင်းတိုက်ဖျက်ပေးခြင်းနှင့်
ဒေသဆိုင်ရာအစိုးရတို့၏ ဘဏ္ဍာ ရေးဆိုင်ရာ အသုံးစရိတ်များနှင့်ပတ်သက်ပြီး
တိုးမြှင့်ပေးခဲ့ခြင်းတို့ကြောင့် ယင်းလပ်ကိုလည်း အများစုက
ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။
ယင်းလပ်၏ Pheu Thai ပါတီကို
ရှုံးနိမ့်သွားသည့် ဒီမိုကရက်တစ်ပါတီသည် ထိုင်းနိုင်ငံတွင် သက်တမ်းအကြာဆုံး
ပါတီကြီးတစ်ခုဖြစ်သည်။ လက်ရှိတပ်မတော်ခေါင်းဆောင်ပိုင်းနှင့်
စီးပွားရေးလုပ်ငန်းရှင်ကြီးများက ငွေကြေးထောက်ပံ့ ကူညီခဲ့ကြသောကြောင့်
အင်အားတောင့်တင်းသည့် ပါတီကြီးတစ်ခုလည်းဖြစ်သည်။ သို့သော် ယင်းလပ်သည်
သူမကို ထောက်ခံသည့် လူတန်းစားတစ်ရပ်ဖြင့် ပါတီကိုခိုင်မာအောင်
ကြိုးစားထူထောင်ကာ နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ပြီး ရဲဝံ့စွာ
ဝင်ရောက်ခဲ့သူဟုဆိုရမည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင်
အမျိုးသမီးတစ်ယောက် ခေါင်းဆောင်တက်ဖြစ်လာမှုနှင့် ပတ်သက်ပြီး
တောရောမြို့ပါမကျန် ဝေဖန်သံတွေ ဆူညံခဲ့ပါသည်။ ယင်းလပ်သည် သူမ၏အစ်ကိုဖြစ်သူ
သက်ဆင်ထက် ၁၈ နှစ်ငယ်သည်။ ပြည်ပြေးဘဝရောက်နေရသော အစ်ကိုဖြစ်သူကို
ထိုင်းနိုင်ငံသို့ ပြန်ခေါ်ရန်ကြိုးစားနေသည်ဆိုသော မီဒီယာများ၏
အဖွသတင်းတွေကိုလည်း သူမက ငြင်းဆို ထားသည်။ သူမအစ်ကိုဖြစ်သူအား ပြန်ခေါ်
မခေါ်ကိစ္စသည် သူမဆုံးဖြတ်ရန်မဟုတ် လွှတ်တော်ကဆုံးဖြတ်ရန်ဖြစ်ကြောင်းကို လည်း
ပြတ်သားစွာပြောခဲ့ပြီးဖြစ်သည်။ သူမက နိုင်ငံရေးကို
လွတ်လပ်စွာလုပ်လိုသည့်ဆန္ဒရှိကြောင်းလည်း ပြောခဲ့ပြီးဖြစ် သည်။
“ကျွန်မဘာသာ ကျွန်မရပ်တည်မယ်” ဟုလည်း မီဒီယာသို့ ပြောင်ပြောင်တင်းတင်း
ပြောကြားခဲ့ပြီးဖြစ်သည်။ သူမ၏နောက် ကွယ်တွင် အစ်ကိုဖြစ်သူ သက်ဆင်က
ကြိုးကိုင်နေသည်ဆိုသော စွပ်စွဲချက်များကို သူမငြင်းဆိုနေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် နိုင်ငံရေးကို ယောက်ျားသားများက စိုးမိုးနေခဲ့သည်မှာ
ကြာခဲ့ပြီ။ ယင်းလပ်သည် ရှားရှားပါးပါး ကျားစိတ်ထား ဖြင့် နိုင်ငံရေးကို
ဝင်တိုးခဲ့ရသူလည်းဖြစ်သည်။ နိုင်ငံရေးအတွေ့အကြုံ ရက်ပေါင်း ၈၀
လောက်သာရှိပြီး နိုင်ငံရေးလောကထဲသို့ မကြောက်မရွံ့ နောက်မတွန့်ဘဲ
ဝင်ရောက်ခဲ့သူဖြစ်သည်။
Pheu Thai ပါတီက သူမကို
ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းတင်လိုက်သည့်အခါတွင် သူမကို
ထောက်ခံအားပေးခဲ့သူမှာ အစ်ကိုဖြစ်သူ သက်ဆင်ဖြစ်သည်။ ယင်းလပ်ကို
ဝန်ကြီးချုပ်အဖြစ် လျာထားခြင်းနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်များ၊
အစဉ်အလာနိုင်ငံရေးသမားကြီးများနှင့် သူဌေးကြီးများက ကန့်ကွက်ခဲ့ကြသေးသည်။
သူတို့က ယင်းလပ်ကိုမကြောက်၊ ယင်းလပ်နောက်ကွယ်တွင်
သက်ဆင်ခေါင်းထောင်လာမည်ကို ကြောက်နေကြခြင်းဖြစ်သည်။
ယင်းလပ်သည်
ဝန်ကြီးချုပ်တာဝန်ကို မယူမီကတည်းက ချမ်းသာခဲ့သူဖြစ်သည်။ သူမ
ဝန်ကြီးချုပ်မဖြစ်မီ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ပိုင်ဆိုင်ခဲ့သော
ငွေကြေးပမာဏမှာ ဒေါ်လာ ၁၇ သန်း (ဘတ် ၅၄၁ သန်း) ဖြစ်သည်။ ယင်းစာရင်းမှာ
ထိုင်းနိုင်ငံ အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်၏
ထုတ်ပြန်ထားချက်ဖြစ်သည်။ ယင်းလပ်၏ အသက် ၉ နှစ် အရွယ် သားဖြစ်သူ ဆုပါဆက်သည်
ဘတ်ငွေ ၄ ဒသမ ၄ သန်း၊သူမ၏ခင်ပွန်းသည် ဘတ်ငွေ ၇၆ ဒသမ ၈ သန်း ချမ်းသာကြ
သူများဖြစ်သည်။ ယင်းစာရင်းသည် ကော်မရှင်သို့
အစိုးရအဖွဲ့သို့တာဝန်မထမ်းဆောင်မီ တစ်လအလိုတွင် ဖော်ထုတ်တင်ပြ ထားရသည့်
ပိုင်ဆိုင်မှုငွေစာရင်းဖြစ်သည်။
ယင်းလပ်သည် ဝန်ကြီးချုပ်တာဝန်ကို
ယူခဲ့ရပြီးကတည်းက တိုင်းပြည်တွင် သဘာဝဘေးဒဏ်များ ရင်ဆိုင်ခဲ့ရခြင်း၊
အတိုက်အခံပါတီများ၏ နည်းမျိုးစုံနှင့် ဆန္ဒပြမှုများ၊ ဆူပူမှုများကို
ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံ ပထမဆုံး
အမျိုးသမီးဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် အပြုံးမပျက် အခက်အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်။ ထိုင်းနိုင်ငံတွင် အသက် ၆၀ ကျော်
နိုင်ငံရေးသမားကြီးများ လွှမ်းမိုးမှုကို ၄၀ ကျော်သူမသည် မည်မျှအထိ
ကြံ့ကြံ့ခံပြီး တိုက်ပွဲဝင်ဦးမည်ကို စောင့်ကြည့်ရပေလိမ့်မည်။
Ref : Business News Thailand, Xinhua News, BBC, Washington Times
Posted in: နိုင်ငံရေး