(ဓာတ်ပုံ အညွှန်း) မက္ကဟ်ရွှေမြို့တော်အရပ်သို့ မျက်နှာမူထားပြီး ကော်ဇောခင်းပေးထားသည့် “ဆိတ်ငြိမ်ခန်း” အမည်ရှိ ၀တ်ပြုဆောင်ငယ်လေးများ
တိုကျို။ ။ မွတ်စ်လင်မ်ခရီးသွား များပြားလာစေရန် ကြိုးပမ်းမှု
အနေဖြင့် ဂျပန်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ယခုအခါ ၀တ်ပြုခန်းများကို
ဖွင့်လှစ်ပေးထားပြီဖြစ်သည်။ မွတ်စ်လင်များအတွက် ပိုမိုနွေးထွေးစေရန် ဟလာလ်
အစားအသောက်များကိုလည်း စီမံချက်၏ကဏ္ဍ အစီအစဉ် တစ်ရပ်အဖြစ် ထည့်သွင်းထားသည်။
“ အိုလံပစ်အားကစားပွဲအတွက် ဂျပန်ကိုလာရောက်ကြမယ့် မွတ်စ်လင်မ်နဲ့
အခြားသော ဧည့်သည်တွေအဖို့ အဆင်ပြေနွေးထွေးစေသော လေဆိပ်ဖြစ်အောင်
ကျွန်တော်တို့ ကြိုးစားသွားပါမယ် ” ဟု နာရီတာလေဆိပ် လူထုဆက်ဆံရေး
အရာရှိတစ်ဦးမှ Nikkei Asian Review သို့ ပြောကြားသည်။ တိုကျိုအနီးရှိ
လေဆိပ်အော်ပရေတာမှ မွတ်စ်လင်မ်များအတွက် ၀တ်ပြုခန်းများတည်ရှိရာ နှင့်
ဖြည့်ဆည်းမှုများကို ပိုမိုအသိပေးထုတ်ပြန်သွားလိမ့်မည်ဟုလည်း ၄င်းမှ
ထည့်သွင်းပြောဆိုခဲ့သည်။
ဂျပန်လေဆိပ်များသည် မွတ်စ်လင်မ်တို့အတွက် စိတ်ချမ်းမြေ့စေရန်
အစွမ်းကုန်ဆောင်ရွက်မှုများ စတင်နေပြီဟု တိုကျိုရှိ ASEAN Promotion Center
on Trade, Investment and Tourism မှ ပရောဂျက် ဦးစီးမှူး Ken Fujita က
ဆိုသည်။
ယင်းစီမံချက်အဆင့်များ၌ မွတ်စ်လင်မ်တို့အတွက် သီးသန့်ဝတ်ပြုခန်းများ
တိုးမြှင့်ပြုလုပ်ရေးနှင့်အတူ အစ္စလာမ့်စည်းမျဉ်းများနှင့် ကိုက်ညီသော ဟလာလ်
အစားအသောက်များ ရရှိနိုင်ရေးလည်း ပါဝင်သည်။
၂၀၂၀ နွေရာသီအိုလံပစ် အားကစားပွဲတော်ကို တိုကျိုမှ လက်ခံကျင်းပရာ၌
ဂျပန်တို့၏ ဧည့်ဝတ်ကျေပွန်သော စိတ်ရင်းအား
ခင်းကျင်းပြသနိုင်ရေးခြေလှမ်းများကို ထုတ်ပြန်ကြေညာထားသည်။
နာရီတာလေဆိပ် Narita Airport ၏ ပထမနှင့်ဒုတိယ ခရီးသည် ၀င်ထွက်
လမ်းကြောင်းများရှိ သီးသန့် နားနေခန်းများရှေ့တွင် မွတ်စ်လင်မ်တို့ အတွက်
ဝတ်ပြုဆောင်လေးများကို အသွင် အပြင်သစ် တစ်ရပ်အဖြစ် ဒီဇင်ဘာလ အစောပိုင်း၌
ပြုလုပ်လိုက်ကြောင်း သိရသည်။
အဆိုပါဝတ်ပြုဆောင်ငယ်လေးများကို “ဆိတ်ငြိမ်ခန်း” ဟုခေါ်ဆိုပြီး မက္ကဟ်ရွှေမြို့တော်အရပ်သို့ မျက်နှာမူထားကာ ကော်ဇောခင်းပေးထားသည်။
၂၀၁၄ ခုနှစ် ဇန္န၀ါရီလတွင် ယင်းဝတ်ပြုခန်းအတွင်း
ကိုယ်လက်သန့်စင်ဆေးကြောနိုင်ရေး ထည့်သွင်းဖြည့်ဆည်းချက်များအပါအ၀င်
အခြားစီမံချက်အဆင့်များကိုထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်၏။
လာမည့်နွေရာသီအမှီ ခရီးသည်စစ်ဆေးရေးဂိတ်အလွန်
လမ်းလျှောက်ထွက်လာရာလမ်းကြောင်းတွင် နောက်ထပ် ၀တ်ပြုခန်း နှစ်ဆောင် ကိုလည်း
ဆောက်လုပ်သွားမည်ဟု ဆိုသည်။
၂၀၀၆ ခုနှစ်ကတည်းက ၀တ်ပြုခန်းဖွင့်လှစ်ပေးခဲ့သော ကန်ဇိုင်းလေဆိပ် Kansai
Airport သည်လည်း လာမည့်နွေဦး ကာလတွင် နောက်ထပ် ၀တ်ပြုခန်းနှစ်ဆောင်
ပြုလုပ်ပေးသွားမည်ဟု သြဂုတ်လက ကြေငြာခဲ့သည်။
အစ္စလာမ့်ကမ္ဘာဧည့်သည်များ၏ လက်ခံမှုပိုမိုရရှိစေရန်
ကျွမ်းကျင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှုကို အိုဆာကာလေဆိပ် Osaka airport
မှလည်း စတင်စီစဉ်နေပြီဖြစ်သလို၊ တိုကျိုရှိ ဟာနဲဒါးလေဆိပ် Haneda Airport
ကလည်း လာမည့်မတ်လအမှီ ၀တ်ပြုခန်းတစ်ဆောင် ဖွင့်လှစ်တော့မည်ဖြစ်၏။
ရှေ့ဆက်လာမည့်အဆင့်များအဖြစ် အင်ဒိုနီးရှား၊ မလေးရှား နှင့်
အရှေ့တောင်အာရှရှိ အခြားနိုင်ငံသုံးခု အတွက် ပြည်ဝင်ခွင့်ဗီဇာများ
လွယ်ကူရေးဆောင်ရွက်ရန် ဂျပန်မှ ဆုံးဖြတ်ထားသည်။
အင်ဒိုနီးရှားလူဦးရေ သန်း ၂၄၀ မှ ၉၀ ရာခိုင်နှုန်းသည်လည်းကောင်း၊
မလေးရှားလူဦးရေ ၂၉ သန်းမှ ၆၀ ရာခိုင်နှုန်းသည်လည်းကောင်း မွတ်စ်လင်မ်များ
ဖြစ်ကြသည်။ အင်ဒိုနီးရှားနှင့်မလေးရှားမှဧည့်သည်ပေါင်း ၂၈၀၀၀ သည်
ဂျပန်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့သဖြင့် ယမန်နှစ်ထက် ၄၀ ရာခိုင်နှုန်း
ထိုးတက်သွားသည်။
လူဦးရေပမာဏ ၁၂၇ သန်းရှိပြီး ကမ္ဘာ့ဒဿမမြောက် လူနေအထူထပ်ဆုံး
ယနေ့ဂျပန်နိုင်ငံတွင် မွတ်စ်လင်မ် လူ့အဖွဲ့အစည်းဝင်များမှာ ၁၂၀၀၀၀ အထိ
ရှိနေသည်။
ဒီဇင်ဘာ ၃၀ ၊ ၂၀၁၃
M-Media
M-Media